Pages

Sunday, February 21, 2016

ဖူးပွင့်ငုံဝေစီ

//ဖူးပွင့်ငုံဝေစီ

ငြိမ်းချမ်းရေးဟာ နှင်းဆီဖြစ်တယ်။
ဆုပ်လည်းစူး
စားလည်းမထူး
ရနံ့တော့ မွှေးတယ်။
နှင်းဆီရနံ့ပါရင် ဗလာတွေလည်း ဈေးကောင်းရတယ်
နှင်းဆီပွင့်ဖတ်တွေ ခြွေခူး
နှင်းဆီပန်းခြောက်တွေ ရေနှူး
သေမထူးနေမထူး နှင်းဆီ။
နှင်းဆီနဲ့ ဆိုင်တာ ဘာမဆို ဈေးကောင်းတော့
လက်ကောင်းလို့ ဆူးတောင်းကြတာပေါ့။
လေယူရာသွေး မွှေးပါသည်
လေယူရာတိမ်း ယိမ်းပါသည်။
အရိုင်းဆန်ဆန် မှော်ဆန်ဆန် ယုံတမ်းများစွာထဲ ရဲရင့်ခဲ့ရ
မြိုင်ဟေမာတွင်း သီချင်းထဲမှာ လိပ်စာမှားပေးတဲ့ နှင်းဆီ
တကယ်က ဥယျာဉ်တွင်းမှာ သေချာပျိုးမှ လှတဲ့နှင်းဆီ
ပျိုးဥယျာဉ်မှာ မြေဆီကောင်းကျွေး ပိုးလိုမွေးရတဲ့ နှင်းဆီ။
သုန်လေညွတ်တော့ ဆွတ်ဖို့ရည်
မှုန်ရွှေဝတ်နဲ့ သင်းပျံ့မွှေးကြည်
ကိုကို ချူရဲရင် ချူလှည့်အတည်
ခင်ခင်ပျိုမဒီ နှင်းဆီခက်ကို လက်လှမ်းကာယူမည်။

//Feb 21, 2016
//ရွှန်းမီ
// lyric credit - မူရင်းအငြိမ့်သီချင်း ရွှေရွှေနှင်းဆီ

Wednesday, February 17, 2016

ပန်းပိတောက်ကို ချစ်တယ်

သင်္ကြန်ရောက်တော့ပေမည်။ သင်္ကြန်ရောက်ချိန်နီးလျှင် အနှေးနဲ့အမြန်ဆိုသလို ပိတောက်တွေ ပွင့်စေချင်ပါသည်။ ပိတောက်ပန်းကို ချစ်သည်ဆိုသော ဆရာတစ်ယောက်ကိုလည်း သတိရမိသည်။ ပိတောက်ပန်းက မွှေးသည်။ ပိတောက်ပင်ရိပ်က အေးမြပါသည်။ 
ပိတောက်ပန်းတွေ ပွင့်ဝေနေတာကို မြင်ချင်သည်။ ပိတောက်ပန်းကို ပန်ဖို့သော်လည်းကောင်း၊ ခူးယူဖို့သော်လည်းကောင်း မတမ်းတမိပါ။ ပန်းတွေဝေနေသော ပိတောက်ပင်‌အောက် လမ်းလျှောက်ရဖို့သာ မျှော်လင့်၏။ ခူးပြီးသား ပိတောက်ပန်းသည် ကြာရှည်မခံပါ။ 
ပိတောက်ပန်းကို လူတွေခူးကြသည်။ မမီမီရာ တံချူနဲ့ရမ်းပြီး ပိတောက်ကိုင်းကို ချိုးမိတတ်ကြသည်။ လူတွေအများအပြား လက်ထဲမှာ ပိတောက်ရွက်တွေခြွေပြီးသား ပိတောက်ခိုင်များကိုမြင်တိုင်း အချိုးအဖဲ့ခံရသော ပိတောက်ပင်များအတွက် စိတ်မကောင်းဖြစ်မိသည်။ ပိတောက်တွေ လွတ်လွတ်လပ်လပ် ပွင့်ပါစေလား။ အများနှင့်တစ်ယောက် ပြောမိသော် ရန်များမည်သာတည်း။ ပိတောက်ပန်းအပေါ်သာ လောဘကြီးကြသည်၊ ပိတောက်ပန်းကို တကယ်ရော မြတ်နိုးကြလို့လား။ ရာသီပေါ် ရှားရှားပါးပါးမို့ ဝိုင်းလုကြတာ မဟုတ်လား။ နွေ‌တွင်းမှာ ဘယ်တော့ မိုးရွာမှန်းမသိချိန်မှာ တခါတလေလောက်လေး မိုးရွာချမှ ပွင့်တတ်ကြသော ပိတောက်ပန်းများကို လူတိုင်းက တပ်မက်နိုင်ပါသည်။ ပန်းကိုလိုတိုင်း ရသလောက် ခူးယူရမည်၊ အပင်ကို ချိုင်ရမည် ဟူသည်အထိတော့ နားမလည်နိုင်ပါ။ ပိတောက်ပန်းပွင့်ပြီးသည့်နောက် ပိတောက်ပင်အောက်တွင် အနွမ်းမြန်သော ပန်းကြွေဖတ်များနှင့် ပိတောက်ရွက်စိမ်းစိမ်းများ ဖရိုဖရဲ ကျန်ရစ်တတ်သည်။ 
ပိတောက်ပင်ကို အားရပါးရ ဒုက္ခပေးပြီးသကာလ ကုသိုလ်ရအောင်ဆိုပြီး ဘုရားတင်ကြသည်။ ထို့နောက် မျက်နှာရအောင် လက်ဆောင်လိုက်ပေးကြသည်။ ကျွန်မ ပိတောက်ပန်း မပန်လိုပါ။ မိန်းကလေးတိုင်း ပိတောက်ပန်း ပန်ချင်ရမည်ဟု ဘယ်သူပြောခဲ့မှန်း မသိနိုင်ပါ။ ယောက်ျားမိန်းမမဟူ ပန်းကြိုက်လျှင်ကြိုက်နိုင်သည်။ ဆိုက်ကားသမားတွေလည်း သူတို့ဆိုက်ကားမှာ ပိတောက်ပန်းတွေဝေနေအောင် ဆင်ထားနိုင်ပါသည်။ သူတို့ကျတော့ ပိတောက်ပန်းနှင့် ကြည့်ကောင်းသည်။ နေပူထဲ၊ ကားတွေကြားထဲ အသက်စွန့်ဝမ်းကျောင်းရတာ ပန်းရနံ့လေး၊ ပန်းအလှလေးတော့ ခံစားခွင့် ရှိသင့်ပေသည်။ အပြစ်စောစောမတင်လို။ 
ပိတောက်ရွက်၏ အစိမ်းရောင်သည် အလွန်လှပါသည်။ မဖျော့လွန်း မရင့်လွန်း လန်းဆန်းဝင်းလဲ့သော အစိမ်းရောင်၊ ပိတောက်ပန်းအဝါနှင့် အလိုက်ဖက်ဆုံး အစိမ်းရောင်မျိုး ဖြစ်သည်။ ပိတောက်ပန်းကြိုက်သူများ သိပ်အရေးမလုပ်သောလှ ပိတောက်ရွက်များကိုနှစ်သက်မိပါသည်။ ကျွန်မငယ်စဉ်က ပိတောက်ပင်ပေါက်စလေးတွေဆီကနေ ပိတောက်ညွန့်လိုက်ချိုးဖူးသည်။ အဖေ့အတွက် အမေက ယတြာချေလိုသောကြောင့် လိုက်ရှာပေးရခြင်းဖြစ်သည်။ အခြားအပင်တွေကို သိပ်မသိသော်လည်း ပိတောက်ပင်ကိုတော့ ပန်းပွင့်မရှိလည်း မြင်အောင်ကြည့်တတ်ခဲ့ပါသည်။ အညွန့်လိုက်ခူးရသည်ကိုတော့ စိတ်မလုံပါ။ သို့သော် ပိတောက်ပင်များအဖို့ရာ ပန်းပွင့်တုန်းခဏ မည်မျှပင် ဖျက်ဆီးခံရသည်ဖြစ်စေ မကြာခင်မှာ အညွန့်တွေပြန်တက် အခက်တွေပြန်ဝေပြီး အပင်ဖားဖားကြီး ပြန်ဖြစ်သည်သာ။ အလွန်စိတ်ခိုင်သောအပင်မျိုးဟု ထင်ရသည်။ 
ပိတောက်ပင်ကြီးတွေအောက်မှာ ပိတောက်ပန်းတွေ ပွင့်ဝေနေချိန် လမ်းလျှောက်ရဖို့ စိတ်ကူးယဉ်ကြည့်ပါသည်။ ဝင်ငွေအလုံအလောက် ရှိခဲ့သော် ခြံကျယ်ကြီးတစ်ခြံ ဝယ်ဖို့ မသေချာပါ။ ကိုယ့်ခြံထဲကိုယ် ပိတောက်ပင်တွေ စိုက်မိပါ့မလား မသေချာပါ။ ဖြစ်ခဲ့သည့်တိုင် ကိုယ်တိုင်စိုက်တဲ့ ပိတောက်ပင်တွေ အပင်ကြီးအရွယ်ရောက်သည်အထိ ကိုယ်ကအသက်ရှင်ပါ့မလား မသေချာပါ။ ကိုယ်အသက်ရှင်တဲ့တလျှောက် ကိုယ်ခြံထဲရှိနေခိုက်နှင့် ပိတောက်ပန်းပွင့်သည့်အခိုက် ကြုံကြိုက်ပါ့မလား မသေချာပါ။ ပိတောက်ပင်ရှိသော ခြံကျယ်ကြီးတစ်ခုခုဆီ အလည်ရောက်ဖို့ပင် မသေချာပါ။ ရောက်ခဲ့သော်၊ ပိတောက်ပွင့်ခိုက်နှင့် ကြုံခဲ့သော်၊ ထိုပိတောက်ပင်ကြီး အကိုင်းချိုးခံနေရဦးမလား မသေချာပါ။ သူများတကာခြံထဲက ပိတောက်ပင်ပွင့်နေသည်ကို မခူးပါနဲ့၊ မချိုင်ပါနဲ့လား ဟု ပြောထွက်ဖို့ ပို၍ပင် မသေချာပြန်ပါ။ 
လူအများသွားလာသည့် လမ်းမပေါ်က ပိတောက်ပင်များအောက်မှာ လမ်းလျှောက်ခဲ့ရသည်။ အခူးမခံရသော ပိတောက်ပန်းများ တဖြည်းဖြည်း တဖွဲဖွဲ ကြွေကျသော် လမ်းတလျှောက် မွှေးမြပြီး အလွန်လှသည်ဟု ထင်ရပါသည်။ ထိုခဏလေးများအတွက်ပင် ပိတောက်ကို ကျေးဇူးတင်ပါ၏။ ပိတောက်အတွက် လုံလောက်သောအဓိပ္ပာယ်မှာ ပွင့်ချိန်တန်ပွင့်ခြင်းသာ ဖြစ်ပေလိမ့်မည်။ ရှိနှင့်သော ပိတောက်ပင်များ ခိုင်ခိုင်မားမား ရပ်တည်နေပါစေ။ 
ပိတောက်ပန်းတွေ ပွင့်ဝေနေတာကို မြင်ချင်သည်။ 
ပိတောက်တွေ ပွင့်စေချင်ပါသည်။ 

//shwunmi

Thursday, January 7, 2016

Here's to the Independence!

လွတ်လပ်ခြင်း ဆိုတာ လူ့ပြည်မှာ တကယ်ရှိလို့လား ဆိုတဲ့သဘောမျိုး ဆရာမင်းလူ တစ်နေရာမှာ ပြောသွားတာကို အမှတ်ရပါတယ်။ ကိုယ်တွေနားလည်ထားတဲ့ လွတ်လပ်မှု၊ လွတ်လပ်ခြင်း၊ လွတ်လပ်ရေး ဆိုတာ ဘယ်လိုဖြစ်မလဲ။ ကိုယ်နားလည်သဘောပေါက်သလို ရေးလိုက်ပါတယ်။

လွတ်လပ်ရေး ဆိုတာ ကိုယ့်ကြိုးစားမှု အသီးအပွင့်ကို ကိုယ်တိုင် ထိုက်ထိုက်တန်တန် စားသုံးခွင့် စီမံခွင့်၊ ကိုယ့်နှင့်ဆိုင်ရာကိစ္စတိုင်းမှာ တရားမျှတစွာ ရပ်တည်နိုင်ခွင့် လို့ ယူဆပါတယ်။ ကိုယ်နဲ့စိတ်နဲ့လွတ်ပြီး ရူးသွားတာမျိုးကို လွတ်လပ်ခြင်း မခေါ်ပါဘူး။ ကိုယ်ရောစိတ်ပါ လုပ်စရာအလုပ်မရှိ လွတ်နေတာကို တာဝန်ယူစရာဘာမှမရှိတာကို လွတ်လပ်နေတယ် လို့ မခေါ်နိုင်ပါဘူး။ တစ်ချိန်မှာ မလွှဲမရှောင်သာ ယူစရာတာဝန် ရှိလာတဲ့အခါ ယူနိုင်တဲ့အခြေအနေ ရှိမနေသရွေ့ ကိုယ့်ဝန်ကိုယ်ထမ်း ကိုယ့်ဘဝလမ်းကိုယ် မလျှောက်နိုင်သရွေ့ လွတ်လပ်တယ် လို့ မခေါ်နိုင်ပါဘူး။

ကိုယ့်နုိင်ငံမှာ သယံဇာတတွေအပြင် ကိုယ့်နုိင်ငံသားတွေ စိုက်ပျိုးထုတ်လုပ်တဲ့ ကုန်စည်တွေဟာ သူတစ်ပါးအတွက် ဖြစ်ခဲ့ဖူးတယ်။ သူများမျက်နှာမော်ဖူးမှ အရိုးအရင်းပြန်ရတဲ့ဘဝ ရောက်ခဲ့ရဖူးတယ်။ ဆိုတော့ လွတ်လပ်ချင်လွန်းလို့၊ သည်မြေမှာ ပေါက်ဖွားတဲ့သူတွေဘဝ သူများအောက်မကျဘဲ တိုးတက်စေချင်လို့ လွတ်လပ်ပါစေ ဆိုပြီး တိုက်ယူခဲ့ကြတယ်။

လွတ်လပ်တယ် ဆိုတိုင်း အချို့အချို့သော ပိုမိုလွတ်လပ်နေသူများလို သူများတကာကို ဂရုမစိုက်ချင်တိုင်း မိုက်ရိုင်းလို့ရတာကိုလည်း မဆိုလိုပြန်ဘူး။ လွတ်လပ်ခြင်း ဆိုတာမှာ တရားမျှတမှုနဲ့ အတိုင်းအဆရှိရတယ်။ ကိုယ့်ရပ်တည်မှုဟာ သူများရပ်တည်မှုအပေါ် အနှောက်ပယောဂ ဖြစ်မဖြစ်၊ တရားနည်းလမ်း ကျမကျ ကိုယ့်ဘာသာလည်း ဝေဖန်နိုင်ရမယ်။ ဉာဏ်နဲ့ယှဉ်ပြီး သင့်တော်တဲ့ရွေးချယ်မှု ပြုနိုင်ရမယ်။

ကိုယ့်ဘဝကိုယ် ကိုယ့်ပတ်ဝန်းကျင်ကိုယ် မြှင့်တင်ပေးနိုင်မှု၊ ကိုယ့်တန်ဖိုးကိုယ် သတ်မှတ်နိုင်မှု၊ ကိုယ့်လုပ်ရပ်ကိုယ် တာဝန်ယူနိုင်မှု၊ စတဲ့ ဉာဏ်နဲ့ယှဉ်သော လွတ်လပ်ရေးမျိုးကို လိုချင်ခဲ့ကြတာ ဖြစ်ပါလိမ့်မယ်။ အရာရာ နောက်ကောက်ကျရတာကို ‌ရှေ့တွန်းတင်ချင်လွန်းလို့၊ တိုးတက်ဖို့ ကြိုးစားရာမှု ချုပ်ချယ်ခံခဲ့ကြရလွန်းလို့ လွတ်လပ်ရေး ဆိုတာကို တခုတ်တရ မရအရ ယူလာခဲ့ကြတယ်။ ဆိုတော့ သူတစ်ပါး ပယောဂ ပါပါမပါပါ ကိုယ့်ဘာသာ နောက်ကျကျန်နေရင်လည်း ကိုယ့်လွတ်လပ်ရေးဆိုတာကြီး ဘယ်သူ့ဆီရောက်မှန်းမသိ ဖြစ်တော့မယ်။ စိတ်ကိုအလိုလိုက် လွှတ်ချထားခြင်းကို လွတ်လပ်ခြင်း လို့ မယူဆမိဖို့ လိုမယ်။ လွတ်လပ်ချင်တဲ့သူတွေဟာ ကြိုးစားရပါတယ်။


Jan 04, 2016

သက်တံကြီးဆီ လမ်းလျှောက်ထွက်ခြင်း


​သက်တံကြီးဆီ လမ်းလျှောက်ထွက်ခြင်း 



နှစ်သစ်ကူးအကြို ညနေက လောကကြီးဟာ သာယာလို့။ တစ်နေကုန် မိုးတွေစွေခဲ့ပြီး မကြာခင် ညနေစောစောမှာ နေရောင်ဖြာကျလာတဲ့ ခဏ၊ သက်တံကြီးကိုတောင် မြင်လိုက်ရပါသေးတယ်။ အပြင်ကို ငေးလိုက်တဲ့ခဏမှာ ပြတင်းပေါက်ကနေ လှမ်းမြင်လိုက်ရတယ်။ အစက မိုးစက်မှုန်မှုန်လေးတွေ လေထဲမှာတလွင့်လွင့်နဲ့ ပေါ့ပေါ့ပါးပါး ရွာဖြိုးနေခဲ့တယ်။ မိုးဖွားလေးတွေထဲ လမ်းထွက်လျှောက်ချင်စိတ်တောင် ပေါ်လာခဲ့လို့ အလုပ်ဆင်းချိန် မျှော်နေမိတယ်။ မမျှော်လင့်ဘဲ သက်တံကိုမြင်တော့ ဘယ်လောက် နှမြောစရာ ကောင်းလိုက်မလဲ တွေးမိလာတယ်။ သက်တံဆိုတာ ရေမှုန်တွေအပြည့်နဲ့ လေထုထဲကို နေရောင်ကျတုန်း ခဏလေး အရောင်စုံရတာ။ မကြာခင် အရောင်တွေ ကုန်သွားမှာကို ဒီတိုင်းကြည့်နေဖို့ မသင့်တော့ဘူး မဟုတ်လား။ 

နှစ်ကူးမတိုင်ခင် ပြီးရမယ့်အလုပ်တွေဘာတွေ ဆက်မစဉ်းစားဘဲ ရပ်ထားလိုက်ဖို့ ဆုံးဖြတ်လိုက်တော့တယ်။ သည်းဆည်းစရာတွေ အမြန်သိမ်းပြီး သက်တံကြီးဆီ လမ်းလျှောက်ထွက်မလား လို့ စိတ်ကူးရတဲ့အတိုင်းပဲ အပြင်ရောက်အောင် ထွက်လာလိုက်တော့တယ်။ ညနေဟာ မစောင်းတစောင်း အလုပ်ဆင်းချိန် မတိုင်သေးတော့ လူတိုးဖို့ သိပ်မလိုခဲ့ဘူး။ 

လှမ်းမြင်နေရတယ်။ မိုးမျှော်တိုက်တွေက ဟိုနားသည်နား ကွယ်နေတယ် ဆိုပေမဲ့။ သက်တံရှိတဲ့ဘက် ဦးတည်ရာကို မှန်းဆပြီး ဆက်သွားဖို့ ကြည့်တော့ မြေအောက်လမ်းက ဖြတ်ဖို့တွေ ဖြစ်လာရပြန်တယ်။ အဲ့သည်အချိန်က ဖြစ်နိုင်မယ်ဆိုရင် မြေအောက်ထဲကို လုံးဝမဝင်ချင်ခဲ့ဘူး။ သက်တံကြီးကိုပဲ ‌လှမ်းငေးရင်း လမ်းလျှောက်ရရင် ဘယ်လောက်သာယာလိုက်မလဲ။ သို့သော်လည်း ရောက်အောင်သွားချင်ပြန်တော့ ရှိတဲ့လမ်းက သွားခဲ့ရတာပဲ။ မြင်ကွင်းရှင်းတဲ့နေရာရောက်တော့ မိုးဖွဲဖွဲတွေတောင် ပြန်စရွာချင်နေပြီ။ ထီးမပါဘာမပါနဲ့ ‌ခေါင်းစွပ်အနွေးထည်လေး ဆွဲထုတ်ဝတ်ဆင်ပြီး မိုးရေဆွတ်ဆွတ် လေပြေအေးအေး မြစ်ကမ်းဘေးမှာ လမ်းလျှောက်ခဲ့တယ်။ 

လမ်းမှာ သက်တံကြီးလည်း တဖြည်းဖြည်း ‌လွင့်ပျံနေပါပြီ။ တစ်ခုရှိတာက ပြတင်းပေါက်မှန်အနောက်ကနေ ဒီအတိုင်း မှေးမှိန်ပျောက်ကွယ်သွားတာကို ကြည့်ခဲ့ရမှာထက်တော့ ပိုပြီး စိတ်ရွှင်လန်းခဲ့ရတာ အမှန်ပါပဲ။ သင်္ဘောကြီးနားက ကြာပန်းပုံ အဆောက်အဦရှိတဲ့နားဆီ လမ်းလျှောက်သွားကြည့်ခဲ့တယ်။ လမ်းမှာ နှစ်သစ်ကြိုဖို့ ပြင်ဆင်စောင့်စားနေတဲ့သူတွေ ဟိုတစ်စု ဒီတစ်စု တွေ့ခဲ့ရတယ်။ ဈေးဆိုင်တန်းလေးတွေကနေ သီချင်းတွေဘာတွေ ဆောင်းဘောက်ကြီးနဲ့ ဖွင့်လို့။ သီချင်းနားထောင်ရင်း၊ အမိုးသေးသေးလေး တစ်ခုမှာ မိုးခိုရင်း၊ ပင်လယ်ထဲရောက်ခါနီး မြစ်တစ်ခု (မြစ်သေးသေးလေးတစ်ခု) ကို ခဏငေးကြည့်ဖြစ်တယ်။ ညနေစောစော ဆိုတော့ လူတွေအများကြီး ရောက်မလာခင် ပတ်ဝန်းကျင်ဟာ အေးချမ်းသာယာနေခဲ့တယ်။ မိုးသေချာမတိတ်သေးလို့လည်း ဖြစ်ပါလိမ့်မယ်။ ကိုယ့်မှာတော့ ‌လေထဲလွင့်လာတဲ့ မိုးရေမှုန်မှုန်လေးတွေနဲ့တင် ရွှဲနေပြီလို့ ခံစားရတယ်။ 

တကယ့်သက်တံကြီးရဲ့အောက်မှာ မိုးရေမှုန်တွေရယ်၊ နေရောင်ဖျော့ဖျော့ရယ်ပဲ ရှိတယ် လို့ သူများတွေ ရေးထားပြောထားတာ ဖတ်ဖူးကြားဖူးခဲ့တယ်။ အရောင်တွေစုံနေတဲ့ လှပနေတဲ့ သက်တံကို အဝေးကနေ လှမ်းမြင်ရတာ စိတ်ကူးယဉ်ချင်စရာ သိပ်ကောင်းပါတယ်။ အမှန်တကယ် သက်တံရှိတယ်လို့ ထင်ထားရတဲ့ နေရာရောက်ရင်တော့ မိုးဖွားတွေ မိချင်လည်းမိမယ်။ မိုးရေဆွတ်ဆွတ် လေပြေအေးအေးလည်း တိုက်နေနိုင်တယ်။ ကြမ်းခင်းဟာလည်း မြက်ခင်းတွေဖြစ်စေ၊ ‌ကွန်ကရစ်ကျောက်ပြားခင်ဖြစ်စေ၊ စိုစွတ်ပြီး ချောနေတတ်ပါတယ်။ ချော်မလဲအောင် သတိကြီးစွာထားပြီး လမ်းလျှောက်ခဲ့ရတယ်။ ဘာပဲဖြစ်ဖြစ် သက်တံရှိရာ အလည်ရောက်တယ်လို့ ခဏသဘောထားပြီး လျှောက်သွားခဲ့ရတယ်။ ညနေမစောင်းခင် လူတွေအများကြီး မြစ်ကမ်းဘေးကို နှစ်ကူးကြိုဖို့ ရောက်မလာခင် အချိန်လေးမှာ။ 

ဈေးဆိုင်တန်းဘက်က သီချင်းသံရယ်၊ မြစ်ထဲ ရံဖန်ရံခါ ဖြတ်သွားတဲ့ မော်တော်ဘုတ်သံတွေရယ်၊ လေပြေအေးအေးရယ် အရာအားလုံး ပေါင်းဆုံသွားတဲ့ခဏမှာ ‌ဘဝအမောတွေ ခဏတော့ ပြေစေပါတယ်။  မြစ်ကမ်းအကွေ့ကို တစ်ပတ်ပတ်ပြီး ဒူးရင်းသီးပုံ အဆောက်အဦထဲမှာ အချမ်းပြေ ကော်ဖီဝင်သောက်ခဲ့တယ်။ မြစ်ကို နောက်တစ်နေရာက နောက်ထပ်တံတားတစ်ခုကနေ ပြန်ဖြတ်ခဲ့တယ်။ နှစ်ကူးပွဲလုပ်မယ့်နေရာကို တစ်ပတ်ပတ်လျှောက်ဖြစ်ခဲ့တာပေါ့။ ရထားဘူတာဘက်ကို သွားတဲ့လမ်းအတိုင်း လျှောက်လာရင်း ငါးခြင်္သေ့ကြီးတွေနားကလည်း ဖြတ်လာခဲ့တယ်။ မီးခိုးရောင်ဖျော့ဖျော့နောက်ခံ ကောင်းကင်ထဲမှာ မီးခိုးရောင်မိုးတိမ်တွေ ခရီးသွားနေကြတယ်။  မြင်ကွင်းဟာ မီးခိုးရောင်မိုးသားအောက်က မီးခိုးရောင် အဆောက်အဦတွေ ကြားက မီးခိုးရောင်မြစ်ပဲ ဖြစ်ခဲ့ပေမဲ့ အားလုံးအိုကေပါတယ်။ တကယ်တမ်းလည်း ကိုယ့်ဘာသာ သက်တံကိုင်းကွေးထဲမှာ လို့ ယူဆထားရင် မိုးရေမှုန်တွေဟာလည်း ရင်ခုန်စရာကောင်းနေတာပါပဲ။ ကိုယ့်သာသာကိုယ် သက်တံကြီးအောက် လမ်းလျှောက်နေတယ် လို့ ယုံလိုက်ရင်ပေါ့။ 

စိတ်ကူးသက်တံအောက်မှာ လမ်းလျှောက်ခဲ့ရသလိုပဲ ဘဝကို အရောင်တွေ စိုလွင်လှပနေတယ် လို့ ယုံကြည်လိုက်။ မိုးစက်မှုန်တွေ လေစိမ်းတွေကို ရဲရဲတင်းတင်း ရင်ဆိုင်လိုက် (အနွေးထည်တော့ ဝတ်တယ် ပေါ့နော်)။ ခြေလှမ်းတိုင်းမှာ ချော်ယိုင်မသွားအောင် သတိထားလျှောက်လှမ်း။ ကံကောင်းရင် သီချင်းသံလည်း နားထောင်ရမယ်။ ကော်ဖီဆိုင်လည်း နေရာရမယ်။ ငေးမောလျှောက်ကြည့်လို့ ဝရင် အိမ်ပြန်ရမယ်။ အမှောင်မကျခင် အိမ်ပြန်ရောက်အောင် လမ်းဆက်လျှောက်။ သက်တံကိုင်းအောက်ကို စိတ်ကူးနဲ့ရောက်ခဲ့တဲ့ မနှစ်က ညနေခင်းလေးဟာ သာသာယာယာ။ 

Thursday, September 24, 2015

Smokey smokey night

မီးခိုးများရှိသောကြောင့် ကလေးနှင့် အပြင်မသွားဖြစ်၊ အိမ်ထဲမှာပဲ ပေးကစားထားရသည်။ ကလေးလေး ပြေးရင်းချော်လဲရာ ခြေထောက်ခေါက်သွားသည်။ မနေ့နေ့လည်ခင်းလောက်က ဖြစ်သည်။ ခြေထောက်ကို အကိုင်မခံဘဲ ငိုသည်။ ညိုသော၊ နီသော ဒဏ်ရာမတွေ့ရ။ မီးခိုးတွေလည်း ရှိနေရာ ဆရာဝန်ဆီ ချက်ချင်းမပြေးဖြစ်။ ချော့မော့ရင်း ငိုရင်း အိပ်ပျော်သွားရှာသည်။ 
နိုးလာသော် ခြေထောက်မထောက်နိုင်၍ ငိုသည်။ အချီခံသည်။ အစားအသောက်ပုံမှန်စား၍ တော်သေးသည်။ ညနေခင်း မီးခိုလည်း ပါးသွားမှ ကလေးအဖေလည်း ပြန်လာမှ ဆေးခန်းကိုသွားသည်။ ဆေးခန်းမှာ စောင့်နေရင်း ဘေးကလာထိုင်သော လူကြီးတစ်ယောက်ကို အမျိုးအရင်းပမာ စကားတတွတ်တွတ်ပြောသည်။
ဆရာဝန်က ကြည့်ရှုပြီး မစိုးရိမ်ရကြောင်းပြောသည်။ ဆေးခန်းအပြန် စာကြည့်တိုက်ပိတ်ချိန်ဖြစ်၍ မသွားလိုက်ရသောကြောင့် မကြည်လင်။ 
ပေးလိုက်သော ဆေးတစ်မျိုးမှာ အိပ်ငိုက်စေ၏။ ထိုဆေးကို မသောက်။ ပါးစပ်ထဲ အဝင်မခံ။ ညသန်းခေါင် ခြေထောက်နာသည်ဟု ငိုပြီး ထကစားနေရာ နံနက် လေးနာရီမှ ပြန်အိပ်သည်။ 
သည်နေ့လည်း လမ်းမလျှောက် မတ်တပ်မရပ် လုပ်နေရာ စိတ်ပူရသည်။ သို့သော် သူ့အကြိုက်ကစားနည်းမှာ တီးပါတီဖြစ်သောကြောင့် ဟန်မပျက် ကစားနိုင်သည်။ ကလေးသည် ကစားရတာပျော်နေလျှင် အစားဝင်အောင် ကျွေးဖို့ မခက်။ 
ဘောလုံးပစ်ဖမ်း မကစားနိုင်ရာ သူက ဘောလုံးတွေကို ထိုင်ပစ်ပြီး ကိုယ်က တတောက်တောက် လိုက်ကောက်ရသည်။ ခြေထောက်ကို လှုပ်နိုင်နေသော်လည်း မထောက်သေး။ အလွန်သတိကြီးစွာ စမ်းထောက်လိုက် ပြန်ထိုင်လိုက်လုပ်သည်။ 
ရေချိုးကန်ထဲထည့်ရာ အိမ်မြောင် အနီးအနားမှာရှိသောကြောင့် အော်ဟစ်နေ၏။ သူ့အဖိုးရောက်လာပြီး ဂေါ်ပြားနှင့် ကျုံးပစ်ရသည်။ ရေထဲမှာလည်း ဆပ်ပြာမြှုပ်များကို မုန့်လုပ်ပြီးဆော့သည်။ ကလေးသည် ပျော်ရွှင်ကစားနေလျှင် မနေကောင်းသော်လည်း စိုးရိမ်ဖို့မလို ဟု ဆရာဝန်တစ်ယောက် ပြောဖူးသည်။ 
သည်နေ့လည်း မီးခိုးတွေတက်နေသည်။ တကယ်လို့ မနေ့က မသွားခဲ့လျှင် ယနေ့အထိခြေ မထောက်နိုင်သော် စိတ်ပိုပူရမည်။​ သည်ညနေမှ သွားသော် မီးခိုးပိုမွှန်မည်။ စောင့်ကြည့် ဆိုတော့ စောင့်ကြည့်ရမည်သာဖြစ်၏။ ချက်ချင်းဥုံဖွ လုပ်မရ။ 
အစက ကလေးတွန်းလှည်းနှင့် စာကြည့်တိုက်ပို့ရန် တွေးထားသော်လည်း မီးခိုးများကြောင့်ပင် မထွက်ဖြစ်ရာ အိမ်ထဲမှာချည်း နေရ၍ အနည်းငယ် ပိုဂျီကျသည်။ အိမ်မှာရှိသမျှလူ သူ့ကစားဖော် တစ်လှည့်စီ လုပ်ရသည်။ ဂျစ်ဆောများကို ကွတ်ကီးလုပ် ကစားသည်။ အရုပ်များကို စာဖတ်ပြသည်။ ကစားလို့ရသမျှ ကြံဖန်ကစားသော်လည်း တော်ရုံနှင့်မအိပ်ဘဲ အပြင်သွားချင်တယ် လုပ်နေပြန်သည်။ ကြိုးစားချော့မော့ရာ နောက်ဆုံးတော့ အရုပ်လေးဘေးထား အိပ်ပျော်သွားပြီ။ 
သူအိပ်ပျော်သွားသော် ကိုယ်က မျက်စိကြောင်ပြီး ကျန်ရစ်သည်။ ခြင်္သေ့လေးရော ခြင်္သေ့ကြီးရော ဟိန်းဟောက်နေကြပြီ။
ကလေးလေး ခြေထောက်သက်သာချိန်နှင့် မီးခိုးများ ပါးသွားချိန် တိုက်ဆိုင်ပါစေ။ အလကားနေရင်း မီးရှို့မှ ပိုက်ဆံရမယ့်အဖြစ်တွေ ပျောက်ပါစေ။ ကမ္ဘာပေါ်မှာ အောက်ဆီဂျင်ခွန်ပါ ပေးဆောင်မှ အသက်ရှူခွင့်ရအောင် လုပ်ဖို့ကြိုးစားနေကြသလား အိပ်မပျော်တိုင်း ဂယောက်ဂယက် တွေးမိလာသည်။ 

Tuesday, March 10, 2015

Playing well

ပုံဆွဲတမ်း ကစားတယ်။ လိပ်ပြာပုံ ဆွဲခိုင်းတယ်။ ဘတ်တာဖလိုင်း ဘတ်တာဖလိုင်း ဆိုတာ သူအကြိုက်ဆုံး စကားလုံး၊ သူအကြိုက်ဆုံး သတ္တဝါ။
သားအမိနှစ်ယောက် Pastel တစ်ယောက်တစ်ခုနဲ့ ဆွဲကြတယ်။ 
သူဆွဲလိုက်တာ လိပ်ပြာပုံကို ဖုံးသွားတော့ ဘတ်တာဖလိုင်း-တူ-ဝါ တဲ့။ 
ပြောချင်တာ လိပ်ပြာလေး ပုန်းနေတဲ့ပုံ ပေါ့လေ။ 

သူနဲ့ရွယ်တူလောက်ရှိတဲ့ စက္ကူပုံးနဲ့ ကစားတယ်။ အစက ပုံးထဲကို မရမက ဝင်ဝင်ထိုင်တယ်။ နောက်တော့ ပုံးက နှစ်ဖက်လုံး ပွင့်သွားတော့ အထဲကို လေးဘက်ထောက်ဝင်တယ်။ ဒီဘက်ကဝင် ဟိုဘက်က ပြန်ထွက်ပြီးတော့ ipsy bitsy spider ဆိုပြီး လက်လေးမြှောက်ပြပြီး ထခုန်ရော။ 
Nursery rhyme animation ထဲမှာ ပင့်ကူလေး ပိုက်ထဲ ဝင်လိုက်ထွက်လိုက် လုပ်တာကို သူလိုက်ကစားတာ။ 

သူ့အဖိုး ပါပလာတွေ ဝယ်လာတယ်။ နည်းနည်းမြည်းကြည့်ပြီးတော့ နောက်ပိုင်း ခဏခဏစားတယ်။။ သူ့မျက်နှာလောက်ကြီးတဲ့ မုန့်ကြီးကို စားရတာ သဘောကျနေရော။ ပြီးတော့ baby spider is hungry တဲ့။ သူကြည့်တဲ့ pocoyo ထဲမှာ ပင့်ကူလေးက ကျွတ်ကျွတ်ဝါးစားပြတာပါတယ်။ 
သူ့ကိုယ်သူ baby spider ပေါ့လေ။ 

သူသဘောကျတာလေးတွေ ပြန်လုပ်ပြတတ်နေပြီ။ စာရေးရတာ၊ ပုံဆွဲရတာကို ကြိုက်နေတယ်။ baby spider ပုံဆွဲတယ်၊ pocoyo ပုံဆွဲတယ် သူသေချာ ကြည့်ထားတယ်။ pocoyo, pato, Elly, Fred octopus, baby bird, sleepy bird, caterpillar, laula, butterfly, .. ကာတွန်းကောင်လေးတွေ သူ့သူငယ်ချင်း ဖြစ်နေပြီ။ 

အပြင်မှာလည်း ကစားတတ်အောင် သူငယ်ချင်းဖွဲ့တတ်အောင် အိမ်နားက ကစားကွင်းကို ပို့တယ်။ အစက လျှောစီးရတာကို သူမရဲဘူး။ အပေါ်တက်သွားပြီးရင် ပြန်လျှောဆင်းဖို့ တွန့်နေလို့ သူ့အဖေက are you ready? လို့ မေးတာကို မှတ်ထားတယ်။ နောက်ကျတော့ အိပ်ရာပေါ်က ခေါင်းအုံးတွေကို ဆင့်ပြီး တစ်ခုကို ဘေးစောင်းပြီးတော့ အာယူဝယ်ဒီ အော်ပြီး လျှောလိုလုပ်ကစားတော့တာပဲ။ 
အခုတော့ လျှောကောင်းကောင်း စီးတတ်နေပါပြီ။ 

ပုံဆွဲ စားစား သောက်သောက် တြိယာတွေကို မြန်မာလိုပိုသိတယ်။ နာမ်တွေကို အင်္ဂလိပ်လို ပိုသိတယ်။ ငယ်တုန်းမှာ နှစ်မျိုးစလုံးသိတာ ပိုကောင်းမယ်။ မိခင်ဘာသာစကား မိသားစုသုံး ဘာသာစကားနဲ့လည်း ရင်းနှီးနေတာ ကောင်းမယ်။ သူကြီးပြင်းမယ့် ပတ်ဝန်းကျင်နဲ့လည်း ဆက်သွယ်ပြောဆိုတတ်ဖို့ လိုတယ်။ 

Friday, March 6, 2015

Blue pants

I coincidentally found a pair of three-quarter pants. They're navy blue. 
Actually it was on sale 2 for 18. I was somehow hopelessly searching for another piece. There a lady came and asked, obviously pick only a white pair, if I'd like to share with her. 
I was happily Yes. 
But the purse was somehow with my hubby who's stroller walking with my kid, so I had to go find them. Then I just picked the pair I checked. 
The lady was surprised that I took size L. Having elongated limbs, I might seemed slim to her, but yeah, I wear size L. I had to explain that I have big hips, ironically. 
Anyways, we both got what we exactly wanted, without buying something else, saved guilt as well. 
Happy March! Happy weekends!