Pages

Monday, July 4, 2016

နှင်းပန်းလေးနဲ့ ယပ်တောင်လေး တွေ

နှင်းဆီ တစ်ခါ Review လုပ်ဖူးတဲ့ စာအုပ် - Snow flower & secret fan ရေးသူ Lisa See ကို ဖတ်ဖို့ကြိုးစားရင်း စာအုပ်ထဲပါတဲ့အကြောင်းနဲ့ ဆက်နွယ်ပြီး အများကြီး စဉ်းစားဖြစ်ပါတယ်။

အဲ့သည်စာအုပ်ထဲကနေ ခြေသေးဖြစ်အောင် အချိုးခံရတဲ့ တရုတ်မိန်းကလေးတွေအကြောင်းကို ပြန်ပြန်တွေးမိတယ်။ စိတ်မကောင်းဘူး။ ဆွန်ယက်ဆင်ရဲ့ ပထမမိန်းမဟာ အဲ့လို ခြေသေးချိုးခံခဲ့ရသူပေါ့။ တရုတ်တွေဟာ မိန်းကလေးဆို အင်မတန် ဖိနှိပ်ထားဖို့ ကြိုးစားခဲ့ကြတာပဲ။ ဘယ်လို ရွှေဉာဏ်တော်စူးရောက်ပြီး ကလေးလေးတွေကို လုပ်ကြသလဲ​ စဉ်းစားလို့ မရဘူး။

သမီးမိန်းကလေးမွေးတဲ့အခါ ခြေသေးချိုးပေးရမှာစိုးလို့ ပြည်မထဲ အဲ့လို အသိုင်းအဝိုင်းထဲမှာ မနေတော့ဘဲနဲ့ တခြားအရပ်ကို ထွက်လာကြတဲ့ တရုတ်တွေ ဟိုရှေးကတည်းက ရှိခဲ့ကြမယ်နဲ့ တူပါရဲ့။

မြန်မာစာ မြန်မာဘာသာစကားမှာ မိန်းမတွေ အထူးသဖြင့် မိခင်တွေရဲ့ အရေးပါမှုကို ဘာသာစကား ပေါ်ပေါက်စပြုကတည်းက အသိအမှတ်ပြုထားပုံလေးတွေ တွေ့ရတယ်။ မိသားစု ဆိုတဲ့ စကားလုံးထဲမှာကိုက အားလုံးကို အုပ်ထိန်းရတဲ့ အမိ (အမေ) ကို ရှေ့မှာထားပြီး ခေါ်ကြတယ်။ ပြီးတော့ လမ်းတွေထဲမှာ အကြီးဆုံးဆို လမ်းမ၊ ဓားတွေထဲမှာ အကြီးဆုံးဆို ဓားမ ဆိုတဲ့သဘောမျိုး သုံးနှုန်းကြပါတယ်။ အကြီးဆုံးမြစ်ကို မြစ်မကြီး လို့ ခေါ်တတ်ကြတယ်။ အခြားအခြားသော ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေနဲ့ ရောယှက်လာပြီး နောက်မှသာ အမျိုးသမီးတွေ အိမ်မှာပဲ မြဲမြံပိပြားနေရမယ် ဆိုတာမျိုး ဖြစ်လာဟန်တူပါရဲ့။ (ဒါက ကိုယ့်အတွေးသက်သက်ပါ) မူရင်း ဘာသာစကားထဲ ပါဝင်နေတဲ့ ပိုမိုကြီးမားပြီး အခရာကျတဲ့အရာကို မ တပ်ခေါ်တဲ့ သဘာဝကိုတော့ ဖျောက်လို့ရဟန်မတူပါဘူး။​

မြန်မာစကားထဲမှာ ယောက်ျားဘက်ကပြောရင် သားမယား လို့ ပြောတယ်။ ကလေး ပြီးမှ မိန်းမ ပေါ့။ မိန်းမဘက်ကပြောရင် လင်သား လို့ ပြောတယ်။ လင်ယောက်ျား ပြီးမှ သား (ကလေးတွေပေါ့) ။ ကလေးတွေကတော့ မိဘ လို့ ပြောတယ်။ အမိ ပြီးမှ အဘ၊ အမေ ပြီးမှ အဖေ။ ဒါပေမဲ့ သားသမီးကျတော့ သားက ရှေ့ရောက်နေတယ်။ အစတုန်းက ကျားဖြစ်ဖြစ် မဖြစ်ဖြစ် သားမွေးတယ်ပဲ ပြောခဲ့ကြပုံ ရပါတယ်။ ဘာသာစကားထဲမှာ အဲ့လိုဆက်နွယ်မှုလေးတွေကို သတိထားမိတာနဲ့ ပြန်ပြောပြတာပါ။​