Pages

Thursday, January 7, 2016

Here's to the Independence!

လွတ်လပ်ခြင်း ဆိုတာ လူ့ပြည်မှာ တကယ်ရှိလို့လား ဆိုတဲ့သဘောမျိုး ဆရာမင်းလူ တစ်နေရာမှာ ပြောသွားတာကို အမှတ်ရပါတယ်။ ကိုယ်တွေနားလည်ထားတဲ့ လွတ်လပ်မှု၊ လွတ်လပ်ခြင်း၊ လွတ်လပ်ရေး ဆိုတာ ဘယ်လိုဖြစ်မလဲ။ ကိုယ်နားလည်သဘောပေါက်သလို ရေးလိုက်ပါတယ်။

လွတ်လပ်ရေး ဆိုတာ ကိုယ့်ကြိုးစားမှု အသီးအပွင့်ကို ကိုယ်တိုင် ထိုက်ထိုက်တန်တန် စားသုံးခွင့် စီမံခွင့်၊ ကိုယ့်နှင့်ဆိုင်ရာကိစ္စတိုင်းမှာ တရားမျှတစွာ ရပ်တည်နိုင်ခွင့် လို့ ယူဆပါတယ်။ ကိုယ်နဲ့စိတ်နဲ့လွတ်ပြီး ရူးသွားတာမျိုးကို လွတ်လပ်ခြင်း မခေါ်ပါဘူး။ ကိုယ်ရောစိတ်ပါ လုပ်စရာအလုပ်မရှိ လွတ်နေတာကို တာဝန်ယူစရာဘာမှမရှိတာကို လွတ်လပ်နေတယ် လို့ မခေါ်နိုင်ပါဘူး။ တစ်ချိန်မှာ မလွှဲမရှောင်သာ ယူစရာတာဝန် ရှိလာတဲ့အခါ ယူနိုင်တဲ့အခြေအနေ ရှိမနေသရွေ့ ကိုယ့်ဝန်ကိုယ်ထမ်း ကိုယ့်ဘဝလမ်းကိုယ် မလျှောက်နိုင်သရွေ့ လွတ်လပ်တယ် လို့ မခေါ်နိုင်ပါဘူး။

ကိုယ့်နုိင်ငံမှာ သယံဇာတတွေအပြင် ကိုယ့်နုိင်ငံသားတွေ စိုက်ပျိုးထုတ်လုပ်တဲ့ ကုန်စည်တွေဟာ သူတစ်ပါးအတွက် ဖြစ်ခဲ့ဖူးတယ်။ သူများမျက်နှာမော်ဖူးမှ အရိုးအရင်းပြန်ရတဲ့ဘဝ ရောက်ခဲ့ရဖူးတယ်။ ဆိုတော့ လွတ်လပ်ချင်လွန်းလို့၊ သည်မြေမှာ ပေါက်ဖွားတဲ့သူတွေဘဝ သူများအောက်မကျဘဲ တိုးတက်စေချင်လို့ လွတ်လပ်ပါစေ ဆိုပြီး တိုက်ယူခဲ့ကြတယ်။

လွတ်လပ်တယ် ဆိုတိုင်း အချို့အချို့သော ပိုမိုလွတ်လပ်နေသူများလို သူများတကာကို ဂရုမစိုက်ချင်တိုင်း မိုက်ရိုင်းလို့ရတာကိုလည်း မဆိုလိုပြန်ဘူး။ လွတ်လပ်ခြင်း ဆိုတာမှာ တရားမျှတမှုနဲ့ အတိုင်းအဆရှိရတယ်။ ကိုယ့်ရပ်တည်မှုဟာ သူများရပ်တည်မှုအပေါ် အနှောက်ပယောဂ ဖြစ်မဖြစ်၊ တရားနည်းလမ်း ကျမကျ ကိုယ့်ဘာသာလည်း ဝေဖန်နိုင်ရမယ်။ ဉာဏ်နဲ့ယှဉ်ပြီး သင့်တော်တဲ့ရွေးချယ်မှု ပြုနိုင်ရမယ်။

ကိုယ့်ဘဝကိုယ် ကိုယ့်ပတ်ဝန်းကျင်ကိုယ် မြှင့်တင်ပေးနိုင်မှု၊ ကိုယ့်တန်ဖိုးကိုယ် သတ်မှတ်နိုင်မှု၊ ကိုယ့်လုပ်ရပ်ကိုယ် တာဝန်ယူနိုင်မှု၊ စတဲ့ ဉာဏ်နဲ့ယှဉ်သော လွတ်လပ်ရေးမျိုးကို လိုချင်ခဲ့ကြတာ ဖြစ်ပါလိမ့်မယ်။ အရာရာ နောက်ကောက်ကျရတာကို ‌ရှေ့တွန်းတင်ချင်လွန်းလို့၊ တိုးတက်ဖို့ ကြိုးစားရာမှု ချုပ်ချယ်ခံခဲ့ကြရလွန်းလို့ လွတ်လပ်ရေး ဆိုတာကို တခုတ်တရ မရအရ ယူလာခဲ့ကြတယ်။ ဆိုတော့ သူတစ်ပါး ပယောဂ ပါပါမပါပါ ကိုယ့်ဘာသာ နောက်ကျကျန်နေရင်လည်း ကိုယ့်လွတ်လပ်ရေးဆိုတာကြီး ဘယ်သူ့ဆီရောက်မှန်းမသိ ဖြစ်တော့မယ်။ စိတ်ကိုအလိုလိုက် လွှတ်ချထားခြင်းကို လွတ်လပ်ခြင်း လို့ မယူဆမိဖို့ လိုမယ်။ လွတ်လပ်ချင်တဲ့သူတွေဟာ ကြိုးစားရပါတယ်။


Jan 04, 2016

သက်တံကြီးဆီ လမ်းလျှောက်ထွက်ခြင်း


​သက်တံကြီးဆီ လမ်းလျှောက်ထွက်ခြင်း 



နှစ်သစ်ကူးအကြို ညနေက လောကကြီးဟာ သာယာလို့။ တစ်နေကုန် မိုးတွေစွေခဲ့ပြီး မကြာခင် ညနေစောစောမှာ နေရောင်ဖြာကျလာတဲ့ ခဏ၊ သက်တံကြီးကိုတောင် မြင်လိုက်ရပါသေးတယ်။ အပြင်ကို ငေးလိုက်တဲ့ခဏမှာ ပြတင်းပေါက်ကနေ လှမ်းမြင်လိုက်ရတယ်။ အစက မိုးစက်မှုန်မှုန်လေးတွေ လေထဲမှာတလွင့်လွင့်နဲ့ ပေါ့ပေါ့ပါးပါး ရွာဖြိုးနေခဲ့တယ်။ မိုးဖွားလေးတွေထဲ လမ်းထွက်လျှောက်ချင်စိတ်တောင် ပေါ်လာခဲ့လို့ အလုပ်ဆင်းချိန် မျှော်နေမိတယ်။ မမျှော်လင့်ဘဲ သက်တံကိုမြင်တော့ ဘယ်လောက် နှမြောစရာ ကောင်းလိုက်မလဲ တွေးမိလာတယ်။ သက်တံဆိုတာ ရေမှုန်တွေအပြည့်နဲ့ လေထုထဲကို နေရောင်ကျတုန်း ခဏလေး အရောင်စုံရတာ။ မကြာခင် အရောင်တွေ ကုန်သွားမှာကို ဒီတိုင်းကြည့်နေဖို့ မသင့်တော့ဘူး မဟုတ်လား။ 

နှစ်ကူးမတိုင်ခင် ပြီးရမယ့်အလုပ်တွေဘာတွေ ဆက်မစဉ်းစားဘဲ ရပ်ထားလိုက်ဖို့ ဆုံးဖြတ်လိုက်တော့တယ်။ သည်းဆည်းစရာတွေ အမြန်သိမ်းပြီး သက်တံကြီးဆီ လမ်းလျှောက်ထွက်မလား လို့ စိတ်ကူးရတဲ့အတိုင်းပဲ အပြင်ရောက်အောင် ထွက်လာလိုက်တော့တယ်။ ညနေဟာ မစောင်းတစောင်း အလုပ်ဆင်းချိန် မတိုင်သေးတော့ လူတိုးဖို့ သိပ်မလိုခဲ့ဘူး။ 

လှမ်းမြင်နေရတယ်။ မိုးမျှော်တိုက်တွေက ဟိုနားသည်နား ကွယ်နေတယ် ဆိုပေမဲ့။ သက်တံရှိတဲ့ဘက် ဦးတည်ရာကို မှန်းဆပြီး ဆက်သွားဖို့ ကြည့်တော့ မြေအောက်လမ်းက ဖြတ်ဖို့တွေ ဖြစ်လာရပြန်တယ်။ အဲ့သည်အချိန်က ဖြစ်နိုင်မယ်ဆိုရင် မြေအောက်ထဲကို လုံးဝမဝင်ချင်ခဲ့ဘူး။ သက်တံကြီးကိုပဲ ‌လှမ်းငေးရင်း လမ်းလျှောက်ရရင် ဘယ်လောက်သာယာလိုက်မလဲ။ သို့သော်လည်း ရောက်အောင်သွားချင်ပြန်တော့ ရှိတဲ့လမ်းက သွားခဲ့ရတာပဲ။ မြင်ကွင်းရှင်းတဲ့နေရာရောက်တော့ မိုးဖွဲဖွဲတွေတောင် ပြန်စရွာချင်နေပြီ။ ထီးမပါဘာမပါနဲ့ ‌ခေါင်းစွပ်အနွေးထည်လေး ဆွဲထုတ်ဝတ်ဆင်ပြီး မိုးရေဆွတ်ဆွတ် လေပြေအေးအေး မြစ်ကမ်းဘေးမှာ လမ်းလျှောက်ခဲ့တယ်။ 

လမ်းမှာ သက်တံကြီးလည်း တဖြည်းဖြည်း ‌လွင့်ပျံနေပါပြီ။ တစ်ခုရှိတာက ပြတင်းပေါက်မှန်အနောက်ကနေ ဒီအတိုင်း မှေးမှိန်ပျောက်ကွယ်သွားတာကို ကြည့်ခဲ့ရမှာထက်တော့ ပိုပြီး စိတ်ရွှင်လန်းခဲ့ရတာ အမှန်ပါပဲ။ သင်္ဘောကြီးနားက ကြာပန်းပုံ အဆောက်အဦရှိတဲ့နားဆီ လမ်းလျှောက်သွားကြည့်ခဲ့တယ်။ လမ်းမှာ နှစ်သစ်ကြိုဖို့ ပြင်ဆင်စောင့်စားနေတဲ့သူတွေ ဟိုတစ်စု ဒီတစ်စု တွေ့ခဲ့ရတယ်။ ဈေးဆိုင်တန်းလေးတွေကနေ သီချင်းတွေဘာတွေ ဆောင်းဘောက်ကြီးနဲ့ ဖွင့်လို့။ သီချင်းနားထောင်ရင်း၊ အမိုးသေးသေးလေး တစ်ခုမှာ မိုးခိုရင်း၊ ပင်လယ်ထဲရောက်ခါနီး မြစ်တစ်ခု (မြစ်သေးသေးလေးတစ်ခု) ကို ခဏငေးကြည့်ဖြစ်တယ်။ ညနေစောစော ဆိုတော့ လူတွေအများကြီး ရောက်မလာခင် ပတ်ဝန်းကျင်ဟာ အေးချမ်းသာယာနေခဲ့တယ်။ မိုးသေချာမတိတ်သေးလို့လည်း ဖြစ်ပါလိမ့်မယ်။ ကိုယ့်မှာတော့ ‌လေထဲလွင့်လာတဲ့ မိုးရေမှုန်မှုန်လေးတွေနဲ့တင် ရွှဲနေပြီလို့ ခံစားရတယ်။ 

တကယ့်သက်တံကြီးရဲ့အောက်မှာ မိုးရေမှုန်တွေရယ်၊ နေရောင်ဖျော့ဖျော့ရယ်ပဲ ရှိတယ် လို့ သူများတွေ ရေးထားပြောထားတာ ဖတ်ဖူးကြားဖူးခဲ့တယ်။ အရောင်တွေစုံနေတဲ့ လှပနေတဲ့ သက်တံကို အဝေးကနေ လှမ်းမြင်ရတာ စိတ်ကူးယဉ်ချင်စရာ သိပ်ကောင်းပါတယ်။ အမှန်တကယ် သက်တံရှိတယ်လို့ ထင်ထားရတဲ့ နေရာရောက်ရင်တော့ မိုးဖွားတွေ မိချင်လည်းမိမယ်။ မိုးရေဆွတ်ဆွတ် လေပြေအေးအေးလည်း တိုက်နေနိုင်တယ်။ ကြမ်းခင်းဟာလည်း မြက်ခင်းတွေဖြစ်စေ၊ ‌ကွန်ကရစ်ကျောက်ပြားခင်ဖြစ်စေ၊ စိုစွတ်ပြီး ချောနေတတ်ပါတယ်။ ချော်မလဲအောင် သတိကြီးစွာထားပြီး လမ်းလျှောက်ခဲ့ရတယ်။ ဘာပဲဖြစ်ဖြစ် သက်တံရှိရာ အလည်ရောက်တယ်လို့ ခဏသဘောထားပြီး လျှောက်သွားခဲ့ရတယ်။ ညနေမစောင်းခင် လူတွေအများကြီး မြစ်ကမ်းဘေးကို နှစ်ကူးကြိုဖို့ ရောက်မလာခင် အချိန်လေးမှာ။ 

ဈေးဆိုင်တန်းဘက်က သီချင်းသံရယ်၊ မြစ်ထဲ ရံဖန်ရံခါ ဖြတ်သွားတဲ့ မော်တော်ဘုတ်သံတွေရယ်၊ လေပြေအေးအေးရယ် အရာအားလုံး ပေါင်းဆုံသွားတဲ့ခဏမှာ ‌ဘဝအမောတွေ ခဏတော့ ပြေစေပါတယ်။  မြစ်ကမ်းအကွေ့ကို တစ်ပတ်ပတ်ပြီး ဒူးရင်းသီးပုံ အဆောက်အဦထဲမှာ အချမ်းပြေ ကော်ဖီဝင်သောက်ခဲ့တယ်။ မြစ်ကို နောက်တစ်နေရာက နောက်ထပ်တံတားတစ်ခုကနေ ပြန်ဖြတ်ခဲ့တယ်။ နှစ်ကူးပွဲလုပ်မယ့်နေရာကို တစ်ပတ်ပတ်လျှောက်ဖြစ်ခဲ့တာပေါ့။ ရထားဘူတာဘက်ကို သွားတဲ့လမ်းအတိုင်း လျှောက်လာရင်း ငါးခြင်္သေ့ကြီးတွေနားကလည်း ဖြတ်လာခဲ့တယ်။ မီးခိုးရောင်ဖျော့ဖျော့နောက်ခံ ကောင်းကင်ထဲမှာ မီးခိုးရောင်မိုးတိမ်တွေ ခရီးသွားနေကြတယ်။  မြင်ကွင်းဟာ မီးခိုးရောင်မိုးသားအောက်က မီးခိုးရောင် အဆောက်အဦတွေ ကြားက မီးခိုးရောင်မြစ်ပဲ ဖြစ်ခဲ့ပေမဲ့ အားလုံးအိုကေပါတယ်။ တကယ်တမ်းလည်း ကိုယ့်ဘာသာ သက်တံကိုင်းကွေးထဲမှာ လို့ ယူဆထားရင် မိုးရေမှုန်တွေဟာလည်း ရင်ခုန်စရာကောင်းနေတာပါပဲ။ ကိုယ့်သာသာကိုယ် သက်တံကြီးအောက် လမ်းလျှောက်နေတယ် လို့ ယုံလိုက်ရင်ပေါ့။ 

စိတ်ကူးသက်တံအောက်မှာ လမ်းလျှောက်ခဲ့ရသလိုပဲ ဘဝကို အရောင်တွေ စိုလွင်လှပနေတယ် လို့ ယုံကြည်လိုက်။ မိုးစက်မှုန်တွေ လေစိမ်းတွေကို ရဲရဲတင်းတင်း ရင်ဆိုင်လိုက် (အနွေးထည်တော့ ဝတ်တယ် ပေါ့နော်)။ ခြေလှမ်းတိုင်းမှာ ချော်ယိုင်မသွားအောင် သတိထားလျှောက်လှမ်း။ ကံကောင်းရင် သီချင်းသံလည်း နားထောင်ရမယ်။ ကော်ဖီဆိုင်လည်း နေရာရမယ်။ ငေးမောလျှောက်ကြည့်လို့ ဝရင် အိမ်ပြန်ရမယ်။ အမှောင်မကျခင် အိမ်ပြန်ရောက်အောင် လမ်းဆက်လျှောက်။ သက်တံကိုင်းအောက်ကို စိတ်ကူးနဲ့ရောက်ခဲ့တဲ့ မနှစ်က ညနေခင်းလေးဟာ သာသာယာယာ။