Pages

Thursday, September 24, 2015

Smokey smokey night

မီးခိုးများရှိသောကြောင့် ကလေးနှင့် အပြင်မသွားဖြစ်၊ အိမ်ထဲမှာပဲ ပေးကစားထားရသည်။ ကလေးလေး ပြေးရင်းချော်လဲရာ ခြေထောက်ခေါက်သွားသည်။ မနေ့နေ့လည်ခင်းလောက်က ဖြစ်သည်။ ခြေထောက်ကို အကိုင်မခံဘဲ ငိုသည်။ ညိုသော၊ နီသော ဒဏ်ရာမတွေ့ရ။ မီးခိုးတွေလည်း ရှိနေရာ ဆရာဝန်ဆီ ချက်ချင်းမပြေးဖြစ်။ ချော့မော့ရင်း ငိုရင်း အိပ်ပျော်သွားရှာသည်။ 
နိုးလာသော် ခြေထောက်မထောက်နိုင်၍ ငိုသည်။ အချီခံသည်။ အစားအသောက်ပုံမှန်စား၍ တော်သေးသည်။ ညနေခင်း မီးခိုလည်း ပါးသွားမှ ကလေးအဖေလည်း ပြန်လာမှ ဆေးခန်းကိုသွားသည်။ ဆေးခန်းမှာ စောင့်နေရင်း ဘေးကလာထိုင်သော လူကြီးတစ်ယောက်ကို အမျိုးအရင်းပမာ စကားတတွတ်တွတ်ပြောသည်။
ဆရာဝန်က ကြည့်ရှုပြီး မစိုးရိမ်ရကြောင်းပြောသည်။ ဆေးခန်းအပြန် စာကြည့်တိုက်ပိတ်ချိန်ဖြစ်၍ မသွားလိုက်ရသောကြောင့် မကြည်လင်။ 
ပေးလိုက်သော ဆေးတစ်မျိုးမှာ အိပ်ငိုက်စေ၏။ ထိုဆေးကို မသောက်။ ပါးစပ်ထဲ အဝင်မခံ။ ညသန်းခေါင် ခြေထောက်နာသည်ဟု ငိုပြီး ထကစားနေရာ နံနက် လေးနာရီမှ ပြန်အိပ်သည်။ 
သည်နေ့လည်း လမ်းမလျှောက် မတ်တပ်မရပ် လုပ်နေရာ စိတ်ပူရသည်။ သို့သော် သူ့အကြိုက်ကစားနည်းမှာ တီးပါတီဖြစ်သောကြောင့် ဟန်မပျက် ကစားနိုင်သည်။ ကလေးသည် ကစားရတာပျော်နေလျှင် အစားဝင်အောင် ကျွေးဖို့ မခက်။ 
ဘောလုံးပစ်ဖမ်း မကစားနိုင်ရာ သူက ဘောလုံးတွေကို ထိုင်ပစ်ပြီး ကိုယ်က တတောက်တောက် လိုက်ကောက်ရသည်။ ခြေထောက်ကို လှုပ်နိုင်နေသော်လည်း မထောက်သေး။ အလွန်သတိကြီးစွာ စမ်းထောက်လိုက် ပြန်ထိုင်လိုက်လုပ်သည်။ 
ရေချိုးကန်ထဲထည့်ရာ အိမ်မြောင် အနီးအနားမှာရှိသောကြောင့် အော်ဟစ်နေ၏။ သူ့အဖိုးရောက်လာပြီး ဂေါ်ပြားနှင့် ကျုံးပစ်ရသည်။ ရေထဲမှာလည်း ဆပ်ပြာမြှုပ်များကို မုန့်လုပ်ပြီးဆော့သည်။ ကလေးသည် ပျော်ရွှင်ကစားနေလျှင် မနေကောင်းသော်လည်း စိုးရိမ်ဖို့မလို ဟု ဆရာဝန်တစ်ယောက် ပြောဖူးသည်။ 
သည်နေ့လည်း မီးခိုးတွေတက်နေသည်။ တကယ်လို့ မနေ့က မသွားခဲ့လျှင် ယနေ့အထိခြေ မထောက်နိုင်သော် စိတ်ပိုပူရမည်။​ သည်ညနေမှ သွားသော် မီးခိုးပိုမွှန်မည်။ စောင့်ကြည့် ဆိုတော့ စောင့်ကြည့်ရမည်သာဖြစ်၏။ ချက်ချင်းဥုံဖွ လုပ်မရ။ 
အစက ကလေးတွန်းလှည်းနှင့် စာကြည့်တိုက်ပို့ရန် တွေးထားသော်လည်း မီးခိုးများကြောင့်ပင် မထွက်ဖြစ်ရာ အိမ်ထဲမှာချည်း နေရ၍ အနည်းငယ် ပိုဂျီကျသည်။ အိမ်မှာရှိသမျှလူ သူ့ကစားဖော် တစ်လှည့်စီ လုပ်ရသည်။ ဂျစ်ဆောများကို ကွတ်ကီးလုပ် ကစားသည်။ အရုပ်များကို စာဖတ်ပြသည်။ ကစားလို့ရသမျှ ကြံဖန်ကစားသော်လည်း တော်ရုံနှင့်မအိပ်ဘဲ အပြင်သွားချင်တယ် လုပ်နေပြန်သည်။ ကြိုးစားချော့မော့ရာ နောက်ဆုံးတော့ အရုပ်လေးဘေးထား အိပ်ပျော်သွားပြီ။ 
သူအိပ်ပျော်သွားသော် ကိုယ်က မျက်စိကြောင်ပြီး ကျန်ရစ်သည်။ ခြင်္သေ့လေးရော ခြင်္သေ့ကြီးရော ဟိန်းဟောက်နေကြပြီ။
ကလေးလေး ခြေထောက်သက်သာချိန်နှင့် မီးခိုးများ ပါးသွားချိန် တိုက်ဆိုင်ပါစေ။ အလကားနေရင်း မီးရှို့မှ ပိုက်ဆံရမယ့်အဖြစ်တွေ ပျောက်ပါစေ။ ကမ္ဘာပေါ်မှာ အောက်ဆီဂျင်ခွန်ပါ ပေးဆောင်မှ အသက်ရှူခွင့်ရအောင် လုပ်ဖို့ကြိုးစားနေကြသလား အိပ်မပျော်တိုင်း ဂယောက်ဂယက် တွေးမိလာသည်။